Latest News

Better Knowledge Better Life

ချစ်သူနှစ်ဦးကြား သဘောထားကွဲလွဲမှုတွေကနေ ပြဿနာအကြီးကြီး မဖြစ်လာအောင်

ချစ်သူနှစ်ယောက်ကြားမှာ အဆင်မပြေမှု၊ သံသယတွေနဲ့ အငြင်းပွားမှုတွေဆိုတာ အမြဲမပြတ် ရှိနေတဲ့အရာတွေ၊ ဘယ်တော့မှလည်း ပျောက်ကွယ်သွားမှာမဟုတ်တဲ့ အရာတွေပါ။ သဘောထား မတိုက်ဆိုင်မှုတွေဖြစ်လာလို့ အငြင်းပွားမှုတွေဖြစ်လာရင် အငြင်းပွားမှုကနေ အဆင်မပြေမှုတွေဖြစ်မသွားဖို့၊ အသေးအမွှားကိစ္စလေးတွေကနေ ပြဿနာကြီးဖြစ်မသွားဖို့ နှစ်ယောက်လုံးက ဒီအချက်လေးတွေကို မလုပ်မိအောင် ဆင်ခြင်ဖို့လိုပါတယ်။

(၁) မအော်ပါနဲ့

တစ်ခုခုအတွက် အငြင်းပွားကြပြီဆိုရင် ကိုယ့်ဘက်က အသာစီးရချင်တဲ့စိတ်နဲ့ အော်ဟစ်ပြောဆိုတတ်ကြပါတယ်။ ဖြစ်နိုင်ရင် မအော်ဘဲပြောပါ။ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ပြောဆိုခြင်းက ကိုယ်ပြောချင်တဲ့ စကားကို ထိရောက်မှုနည်းသွားစေတဲ့အပြင် ပြဿနာကိုကြီးထွားစေပါတယ်။

(၂) နာမည်မခေါ်ပါနဲ့

ချစ်တဲ့သူတွေက စိတ်ဆိုးကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နာမည်အပြည့်အစုံခေါ်ပြီး စကားပြောတတ်ကြပါတယ်။ အဲ့ဒီနာမည်ခေါ်တာက ဒီတိုင်းကြည့်ရင် ဘာပြဿနာမှမရှိဘူးလို့ထင်ရပေမယ့် ချစ်သူချင်း အဲ့လိုမျိုးနာမည်ခေါ်တာ မကြိုက်တဲ့သူအတွက်တော့ လုံးဝရှော့ရှိတာမို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြတဲ့အခါ၊ စိတ်ဆိုးတဲ့အခါ နာမည်အပြည့်အစုံခေါ်ပြီး မပြောမိပါစေနဲ့။

(၃) ကိုယ်ဖြစ်ချင်တာကိုပဲရှေ့တန်းတင်ပြီး မတွေးပါနဲ့

နှစ်ယောက်လုံးက ကိုယ်မှန်တယ်ထင်လို့ ငြင်းခုန်မှုတွေ၊သဘောထားကွဲလွဲမှုတွေဖြစ်လာကြတာပါ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာကိုပဲ ဦးတည်စဉ်းစားပြီး သူ့ဘက်ကို နည်းနည်းလေးမှ မကြည့်ပေးတာမျိုး မလုပ်ပါနဲ့။ ငြင်းတယ်ဆိုမှတော့ ကိုယ်ဖြစ်ချင်တာကိုရှေ့တန်းတင်ရမှာပေါ့၊ ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာက ကျိုးကြောင်းဆီလျော်မှု မရှိတာမျိုးဖြစ်နေလား၊ သူပြောတာက ကျိုးကြောင်းဆီလျော်မှုရှိလားဆိုတာကိုတော့ စဉ်းစားဖို့လိုပါတယ်။

(၄) မဆိုင်တာတွေမပြောပါနဲ့

တစ်ခုခုကြောင့် ငြင်းခုန်ကြတဲ့အခါ အခုလက်ရှိအကြောင်းအရာနဲ့ပတ်သက်တာကိုပဲ အာရုံစိုက်ပါ၊ ပြောပါ။ အရင်တုန်းက ကိစ္စတွေ၊ နှစ်ဖက်မိဘမောင်နှမအကြောင်းတွေ စသဖြင့် မဆိုင်တာတွေမပြောပါနဲ့။

(၅) ဘာမှမပြောဘဲမနေပါနဲ့

တခါတလေ ချစ်သူနှစ်ယောက်ကြားမှာအငြင်းအခုန်ဖြစ်ကြတဲ့အခါ ကိုယ့်ဘက်က အလွန်ဖြစ်လာပြီး သူ့ဘက်က မှန်နေတယ်လို့ထင်နေလို့ပဲဖြစ်ဖြစ်၊ ကိုယ်မှန်နေပေမယ့် မရှင်းပြချင်တော့လို့ပဲဖြစ်ဖြစ် ဘာမှပြောချင်စိတ် မရှိတော့ဘဲ တိတ်တိတ်လေးနေတတ်ကြပါတယ်။ အဲ့ဒီလိုမနေပါနဲ့။ ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင် ဆွေးနွေးပါ။ အဖြေရှာပါ။ မဟုတ်ရင် မလိုလားအပ်တဲ့ပြဿနာတွေ ထပ်ရှိလာနိုင်လို့ပါ။

MAY THAZINHTOO

crd..auntymay